News

မင်းတပ်တွင် စစ်ဘေးရှောင်စခန်း ၄ ခုဖွင့်လှစ်နိုင်ရန် နိုင်ငံတကာမှ အန္တရာယ်ကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန်တောင်းဆို

ချင်းပြည်နယ်၊မင်းတပ်မြို့တွင် စစ်ဘေးရှောင်ပြည်သူများပိုတိုးလာသောကြောင့် စစ်ဘေးရှောင်စခန်း(IDP Camp) လေးခုဖွင့်ရန်စီစဉ်ထားသည့်အတွက် ယင်းစခန်းများအား အန္တရာယ်ကင်းမဲ့ဇုန်(Safe Zone)အဖြစ်သတ်မှတ်ပေးရန်နိုင်ငံတကာသို့တောင်းဆိုကြောင်းအဆိုပါမြို့ဒေသခံတစ်ဦးကမဇ္စျိမကိုပြောသည်။

“အခုလက်ရှိကျွန်တော် IDP Camp ဖွင့်ဖို့ကြိုးစားနေတယ် ဒါကိုစစ်သားတွေက IDP Camp ကိုအပစ်အခတ်လုပ်ပြီးကျွန်တော်တို့ကိုရန်သူစခန်းဆိုပြီးသတ်မှတ်လာနိုင်ခြေရှိတယ် ဒါကြောင့်စိုးရိမ်မှုတွေရှိတယ်၊စားနပ်ရိက္ခာလမ်းကြောင်းတွေကူညီဖို့၀င်လာတဲ့အခါ ဒီ စခန်းတွေကို safe zone အဖြစ်သတ်မှတ်ပေးဖို့အသိအမှတ်ပြုပေးဖို့နိုင်ငံတကာအသိုင်းအဝိုင်းကို ဒီစကားကြားစေချင်ပါတယ် “ဟု၎င်းကပြောသည်။

လတ်တလော ယနေ့အတွက် အခြေအနေအရ ၉၀ ရာခိုင်နှုန်းသောမြို့ခံပြည်သူအများစုမှာ တောတွင်းပိုင်းသို့ထွက်ပြေးတိမ်းရှောင်‌နေသောကြောင့်မင်းတပ်မြို့တွင်းပိုင်း၌တိုက်ပွဲများ ခေတ္တငြိမ်သက်နေကြောင်းယင်းမြို့ဒေသခံတစ်ဦး၏ပြောပြချက်အရသိရသည်။

ယင်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ၂၇၄ တပ်ရင်း ထိန်းချုပ်ထားသည့်နေရာလည်း ဖြစ်သည်။

မင်းတပ်မြို့ပြင် တောတောင်ထဲ၌ပိတ်မိနေသော စစ်ဘေးရှောင်မှာယခင်ရက်များတွင် လူဦးရေအားဖြင့် ခန့်မှန်းခြေ ၅၀၀၀ ဦးရေ ကြားမှာရှိသည်။

လက်ရှိအနေအထားအရ စစ်ဘေးရှောင်ပြည်သူများပိုတိုးလာသော်လည်း မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့၀င်များအနေဖြင့်ဖရိုဖရဲအခြေအနေတွေ့ကြုံနေ‌ရသောကြောင့် စစ်ဘေးရှောင်ဦးရေအတိအကျအားလိုက်လံစုစည်းရန်အခက်‌ေတွ့နေကြောင်းသိရသည်။

သတင်း-ဆာရှိမိ

ဓာတ်ပုံ- Emergency Help For Mindat

Mizzima – News in Burmese