News

ကြည့်မြင်တိုင်ဆန္ဒပြသူများကို စစ်ကားဖြင့်တိုက်သတ်မှုတွင် ပတ်သက်ခဲ့သော ဒလန်ဟုကျော်စောသူ Tayနတ်ဖြင့်ပစ်သတ်ခံရ

ကြည့်မြင်တိုင်ဆန္ဒပြသူများကို စစ်ကားဖြင့်တိုက်သတ်မှုတွင် ပတ်သက်ခဲ့သော ဒလန်ဟုကျော်စောသူသေနတ်ဖြင့်ပစ်သတ်ခံရ

ကြည့်မြင်တိုင်တွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီတပ်က ကားနှင့်ဝင်တိုက်၍ လူငယ်ငါးဦးသေဆုံးခဲ့ရမှုဖြစ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် အဆိုပါသပိတ်ဖြိုခွင်းရာတွင် စစ်ကောင်စီတပ်ကိုသတင်းပေးခဲ့သူဟု စွပ်စွဲခံရသူ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

မွန်းလွဲ ၁၂ နာရီကျော်က ဆင်မင်းရပ်ကွက်၊ ဆင်မင်းအိမ်ရာတွင်နေထိုင်သူ ကိုမင်းမင်းသည် ဓမ္မာရုံဘေးတွင်ဝိုင်းဖွဲ့ထိုင်နေစဉ် သေနတ်သမားက လာပစ်သွားခြင်းဖြစ်သည်ဟုသိရသည်။
ကိုမင်းမင်းသည် သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် ဦးခေါင်းပွင့်ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး​သေဆုံးခဲ့​ကြောင်း မျက်မြင်သက်​သေများကပြောသည်။

” အိမ်ရာထဲမှာ ဓမ္မာရုံရှိတယ်၊ အဲ့ဓမ္မာရုံဘေးမှာဝိုင်းဖွဲ့ပြီးထိုင်နေချိန်မှာ နှစ်ချက်ဝင်ပစ်တာ ထိသွားပါတယ်။ ရှေ့လတွေထဲက သူ့ဆိုင်ရှေ့မှာသပိတ်လုပ်ရင် ကလေးတွေကိုမစုခိုင်းဘူး၊ ​မောင်းထုတ်တယ်။

ဒီ​နေ့လည်း ကြည့်မြင်တိုင်ကိစ္စမှာ ဒလန်နှစ်​ယောက်ပါတယ်လို့သိရတယ်၊သူအပါအဝင်​ပေါ့။ မြင်တဲ့သူ​တွေရှိတယ်။” ဟု ​ဒေသခံအမျိုးသမီးတစ်ဦးက မဇ္စျိမ ကို ​ပြောသည်။
ထိုသို့ပစ်ခတ်မှုများဖြစ်ပွားပြီး​နောက် အလုံ၊ ဆင်မင်းအိမ်ယာထဲသို့ စစ်သားများ​ရောက်ရှိလာကာ စစ်​ဆေးမှုများပြုလုပ်ခဲ့ပြီး​ ပြန်လည်ထွက်ခွာသွား​ကြောင်း သိရသည်။

ယနေ့နံနက်က ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသော လူငယ်တစ်စုကို စစ်ကောင်စီတပ်က နောက်မှကားဖြင့်ဝင်တိုက်ပြီး သေနတ်ဖြင့်ပစ်ရာ ဆန္ဒပြလူငယ် ငါးဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့ကာ ၁၅ ဦး အဖမ်းခံခဲ့ရသည်ဟု ဆန္ဒပြသူများက ပြောသည်။

စစ်ကားဖြင့်ဝင်တိုက်ခြင်းနှင့် သွေးထွက်သံယိုဖြင့်လမ်းပေါ်တွင်လဲနေသော ဓာတ်ပုံများ လူမူကွန်ရက်တွင်ကျယ်ကျယ်ပြန့်ပြန့်ပြန့်နှံ့ခဲ့သည်။
သို့သော် ရန်ကုန်တွင် ပြောက်ကျားသပိတ်ဆန္ဒပြမှုများဆက်လက်ဖြစ်ပေါ်ခဲ့သည်။

အာဏာသိမ်းပြီးချိန်ကစ၍ စစ်ကောင်စီတပ်သည် လူပေါင်း ၁,၃၀၀ ကျော်ကို သတ်ဖြတ်ပြီးဖြစ်သည်။
ပုံစာ ယနေ့ နံနက် ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲကို စစ်တပ်က ကားဖြင့်တိုက်ကာ ဖြိုခွင်းအပြီး မြင်ကွင်း။ mizzima