News

PDF တွေရဲ့ စစ်ဗျူဟာ ကျွမ်းကျင်မှုကြောင့် စစ်ကောင်စီတပ်များ အထိနာလာ

အောက်တိုဘာလထဲရောက်လာချိန်မှာတော့ တိုက်ပွဲတွေပိုပြင်းထန်လာနေတာ ။ နေရာတွေပို ကျယ်ပြန့်လာနေတာတွေ့ရပါတယ်။

တစ်ချို့နေရာတွေမှာဆို စကစ အုပ်ချုပ်ရေးစနစ်ပျက်ပြားနေပြီလို့ ပြောရလောက်အောင် PDF တွေဘက်က အုပ်ချုပ်ရေးလုပ်ငန်းတွေကိုပါ တွဲလုပ်ကိုင်လာနေတာတွေ့ရပါတယ်။

ဥပမာ၊ ကယားမှာ CDM ရဲတပ်ဖွဲ့က မှုခင်းကိစ္စတွေကိုင်တွယ်တာမျိုး၊ (PDF က ဖမ်းမိတာကို ဖွဲ့ထားတဲ့ ရဲတပ်ဖွဲ့ဆီ အပ်နှံပါတယ်။) ရဲတပ်ဖွဲ့က ဆက်ဖြေရှင်းပါတယ်။

ဂန့်ဂေါနယ်မှာ PDF အမည်ခံပြီး ဒလန်ရှင်းလင်းရေးဆိုတဲ့ခေါင်းစဉ်အောက်က လုပ်နေတဲ့ အဖွဲ့တစ်ဖွဲ့ကြောင့်၊ အချက်လက် မခိုင်မာတဲ့ ပြည်သူတွေ အသတ်ခံနေရတာ၊ ပိုင်ဆိုင်မှုပစ္စည်းတွေလုယက်ခံနေရတဲ့ ကိစ္စမျိုးတွေကို YPDF က ဝင်ဖြေရှင်းကိုင်တွယ်ဆောင်ရွက်သွားပြီး ပြည်သူ့ပစ္စည်း ပြည်သူ့ကို ပြန်ပေးတာမျိုးတွေ လုပ်လာတာတွေ့ရပါတယ်။

(တကယ်က ဂန့်ဂေါ-ကလေးကားလမ်းရဲ့ လုံခြုံမှုဟာ PDF တွေဆီ တစ်ဝက်ရောက်နေပါပြီ။ PDF က ဒီလမ်းကို ဒီရက်တွေမှာ မသွားပါနဲ့လို့ တားဆီးမိန့်ထုတ်နေတာတွေ တွေ့နေရပါတယ်။ စကစ က ရွာတွေကို အကြိမ်ကြိမ်မွှေနှောက်နေလည်း ခုခံတိုက်ပွဲတွေနဲ့ပဲ ဆက်တိုက် ကြုံနေရပါတယ်။)

ရခိုင်ဘက်မှာ AA က အုပ်ချုပ်ရေးနဲ့ တရားဥပဒေကိစ္စတွေ ကိုင်တွယ်လာရာမှာ ဒေသခံတွေဟာ စကစ တရားရုံးတွေက တစ်ဆင့် မသွားတော့ပဲ AA က တစ်ဆင့် သွားနေတာ ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရပါတယ်။ ဒါဟာ အာဏာသိမ်းပြီး (၈)လ အကြာမှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေပါ။

ဗီဒီယိုကလစ်လေးတွေဘက် တစ်ချက်လှည့်ချင်ပါတယ်။ ညက ကယားဘက်က ဗီဒီယို ကလစ်လေးကြည့်ရပါတယ်။ ကျသွား (သို့မဟုတ်)အသတ်ခံလိုက်ရတဲ့ စကစ စစ်သည်တစ်ယောက်ဆီက သိမ်းဆည်းမိဖုန်းကိုသုံးပြီး သူ့တပ်ရင်းမှူးဆီ ဆက်တဲ့ဖုန်းပါ။

တပ်ရင်းမှူးကလည်း ဖုန်းလက်ခံပြောမိပါတယ်။ ငါတို့ကို မိတိုင်းလည်း မင်းတို့ သတ်နေတာပဲ။ ခု ငါတို့ မင်းတို့လူတစ်ယောက်ကို သတ်လိုက်ပြီ၊ အဲ့ဒီအတွက် မင်း ဝမ်းနည်းကြောင်းလေး နည်းနည်းဖြစ်ဖြစ် မပြောသင့်ဘူးလားဆိုတဲ့ အပြောတွေပါပါတယ်။

တစ်ဖက်က ဘာမှ ပြန်မပြောတဲ့အခါ၊ ပျော်ပျော်ကြီး ဝိုင်းဆဲကြပါလေတော့တယ်။ မင်းဒီဖုန်းနံပတ် ဘယ်ကရလဲလို့ ကတုန်ကယင်မေးတော့ သူ့ဖုန်းထဲက ရတာလေ တဲ့။ (ကလေးGZ နဲ့ လူကြီးရဲ့ စိတ်ဓာတ်စစ်ဆင်ရေး၊ နည်းပညာ တိုက်ပွဲပါပဲ)

ကရင်ပြည်နယ်ထဲမှာ စကစ ယာဉ်တန်းတစ်ခုကို ဘဇူကာနဲ့ထုပြီး ရွာထဲကနေ ဝိုင်းပစ်ခတ်နေတဲ့ ဖိုင်လည်း ကြည့်ရပါတယ်။ အပစ်ခံရတဲ့ ယာဉ်တန်းဟာ ပြန်ခုခံပစ်ခတ်ဖို့မပြောနဲ့ အသက်လုမောင်းပြေးနေရတာ ကြည့်သူတိုင်း မြင်နေရပါတယ်။

လီဒိုလမ်းမပေါ်မှာ စကစ တပ်စခန်းတစ်ခုကို KIA သိမ်းနေတဲ့ ဖိုင်တစ်ဖိုင်လည်း ကြည့်ရပါတယ်။ စခန်းထဲမှာ ကျဆုံးနေသူတွေပါ တွေ့ရပါတယ်။ စက်တင်ဘာ၂၅လောက်ကတည်းက ချီတက်လာတဲ့ ရိက္ခာသည် လမ်းကြောင်းဟာ အောက်တိုဘာ ၃ရက်နေ့အထိ လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားနိုင်ပြီဆိုတဲ့ သတင်းတော့ မဖတ်ရပါဘူး။

ပူတာအိုကို စကစခေါင်ချုပ်သွားမယ် သတင်းထွက်တဲ့နေ့ရဲ့ နောက်နေ့ မကူးခင်မှာ ပူတာအို PDF တွေဟာ မူလာရှီဒီးတပ်စခန်းကို ညဘက်မှာ သွားရောက်ပစ်ခတ်တာတွေဖြစ်လာပါတယ်။ ပူတာအိုကိုလာတာ မကြိုဆိုဘူး။ ဒါ သတိပေးပစ်ခတ်မှုဖြစ်တယ်။ လာရင် ပိုပြင်းထန်တဲ့ တိုက်ခိုက်မှုနဲ့ တုန့်ပြန်မယ်လို့ ကြေငြာပါတယ်။

တစ်ပြည်လုံးက PDF တွေရဲ့ လက်သံပြောင်လာမှုအောက်မှာ ဒီလို အမိန့်မျိုးတွေကိုလည်း ဖတ်ရပြန်ပါတယ်။ PDF ရှိရာဒေသများတွင် ပြင်ပကားစီးနင်းခွင့်ပိတ်ပင်ထားပြီး ယာဉ်တန်းဖြင့်သာသွားလာရန် စစ်ကောင်စီညွှန်ကြားလာရတဲ့အထိဖြစ်လာပါတယ်။

လာမယ့်(၉)ရက်နေ့မှာ စစ်ကိုင်းတိုင်းကို ထိုးစစ်ဆင်မယ်ဆိုတဲ့ အတည်ပြုမရသေးတဲ့ သတင်းတွေလည်း တက်ပါတယ်။ ဒါပေမယ့် ဒီရက်အတွင်း မုံရွာဘက်ကို အားဖြည့်နေတဲ့ စစ်အင်အားကို ကြည့်ရင် ဒီသတင်းမှန်နိုင်ခြေများကြောင်း ခန့်မှန်းရပါတယ်။ သူနဲ့တွဲဘက် ဖတ်ရမယ့် သတင်းကို ဒီလိုဖတ်ရပါတယ်။

လတ်တလော အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာအပါအဝင် ရွှေဘိုနှင့် ဒေသစစ်ဆင်ရေးကွပ်ကဲမှု(ဒကစ)ရှိရာ ကလေးမြို့၊ ဂန့်ဂေါမြို့တို့မှာ သံချပ်ကာတပ်တွေအပါအဝင် တပ်ရွှေ့ပြောင်းနေရာချတာတွေကို နေ့စဉ်ပြုလုပ်နေတာပါ။

အခုရက်ပိုင်းအတွင်း တပ်လှုပ်ရှားမှုအင်အား ၂ ထောင်ဝန်းကျင်ရှိတယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ကထစ ၆ မှူး၊ ရဲချုပ် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် လာရောက်ကွပ်ကဲနေပြီး လက်ရှိ နမခ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်ကို တိုင်းမှူးရာထူးက ဖယ်ရှားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဗိုလ်မှူးချုပ် ဖြိုးသန့်က စကခ ၄ တပ်မမှူး၊ စကခ ၁၀ တပ်မှူးတာဝန်တွေ ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းမှူးရာထူးတိုးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။

လတ်တလော နမခလက်အောက်ခံဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဆောင်ရွက်မှု အားနည်းတဲ့အတွက် အခုလို ရာထူးက ပြောင်းရွှေ့ဖယ်ရှားခံရတာဖြစ်တယ်လို့ တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ဆိုတော့ မကြာခင် လာမယ့်ရက်တွေမှာ တိုက်ပွဲသတင်းတွေ စိတ်စိတ်မြင်ကြားလာရဖို့ရှိပါတယ်။ တစ်နေ့ကပဲ သင်တန်းတွေပြီးပြီမို့ လောလောဆယ် သင်တန်းရပ်ဆိုင်းပြီး တိုက်စစ်ဖွင့်တော့မယ်လို့၊ ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA)က ကြေငြာပါတယ်။ ဒီနေ့ သူတို့ တိုက်ပွဲသတင်းကို ခုလို တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးနယ်စပ်နေရာ နှစ်‌နေရာတွင် ပြည်သူ့တော်လှန်ရေးတပ်မတော် (People Revolution Army (PRA) ) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁ ဦးသေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ပြည်သူ့တော်လှန်ရေးတပ်မတော်၏ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ဂျပန်က ရှေ့တန်းတစ်နေရာမှ မဇ္ဈိမသတင်းဌာနကို အဆိုပါသတင်း မှန်ကန်ကြောင်း အတည်ပြုသည်။

“ဟုတ်ပါတယ်။ နှစ်နေရာတိုက်ပွဲဖြစ်ပါတယ်။ နဂါးမတောင်ကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၃၃ ယောက်သေတယ်။ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းနယ်စပ် ပုံတောင် ပုံညာဒေသတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၈ ယောက်သေတယ်။

အခုလည်း နောက်တစ်နေရာမှာ တိုက်ပွဲဖြစ်နေတယ်။ နေရာတော့ ပြောလို့မရသေးပါဘူး “ ဟုရှေ့တန်းတစ်နေရာသို့ရောက်ရှိနေသည့် ဗိုလ်ဂျပန် ကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ နဂါး မတောင်တွင်တပ်စွဲနေသည့် အင်အား ၁၂၀ ဝန်းကျင်ခန့်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၇နာရီ ဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိုးစစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကာ စစ်ကောင်စီဘက်မှ ၃၃ ဦးကျဆုံးခဲ့သည်။

“သူတို့ကနဂါးမတောင်ကျေးရွာနားမှာ အင်အား ၁၂၀ လောက်နဲ့ တပ်စခန်းချနေတာ ထိုးစစ်နဲ့ တိုက်ခိုက်ခဲ့တာပါ။ နောက် သူတို့ဘက်က စစ်ကူလာတဲ့ စစ်ကြောင်းကို မိုင်းဆွဲလိုက်တယ်။ ၄၅ မိနစ်လောက်ပဲကြာပါတယ် “ဟု ဗိုလ်ဂျပန်က ထပ်မံဖြေကြားသည်။

နေရာ ၂ခုကို တပ်ရင်းလေးခုနဲ့ ဝင်တိုက်တာဆိုတော့ အင်အား မနည်းလှဘူးလို့ ခန့်မှန်းရပါတယ်။ ဒီတိုက်ပွဲမတိုင်ခင် ပုံတောင်ပုံညာဘက်ဆင်းလာတဲ့ သံချပ်ကာကား အပါ ယာဉ်တန်းကို လမ်းဖြတ်တိုက်ပွဲဆင်နွဲ မိုင်းခွဲခဲ့တဲ့အတွက် အထိနာတဲ့ သတင်းတွေလည်း ဖတ်ရပါတယ်။

နောက်သတင်းတစ်ခုကတော့ PDF တွေရဲ့ စစ်ဗျူဟာ ကျွမ်းကျင်လာမှု၊ လမ်းတစ်လျှောက် သတင်းရယူနိုင်မယ့် ရင်းမြစ်တွေကို အဆက်မပြတ်ထားနိုင်မှုကို မြင်နိုင်စေတဲ့ အဖြစ်တစ်ခု ရှိခဲ့ပါတယ်။

ဒါက ကလေးမြို့က ထွက်လာတဲ့ ယဉ်တန်းကို လမ်းတစ်လျှောက် အကြိမ်ကြိမ်ဖြတ်တိုက်နိုင်ခဲ့တာပါပဲ။ တစ်ကြိမ်ထိတယ်။ ဆက်ဆင်းတယ်။ နောက်တစ်ကြိမ်ခွဲတယ်။ ဆက်ဆင်းတယ်။ ထပ်တိုက်တယ်။ ၁၀ယောက်လောက် ထပ်ကျသွားတယ်ဆိုတဲ့ တိုက်ပွဲဟာ၊ လမ်းကြောင်းတစ်ခုကို အနာခံထိုးတက်လာရတဲ့ လီဒိုလမ်းမ တိုက်ပွဲနဲ့လည်း ဆင်ပါတယ်။

ဒီပွဲမှာလည်း PDF တွေ နိုင်တယ်လို့ ပြောရမှာပါ။ စကစ စစ်ကြောင်း ဆက်ပြီး ဆင်းဖြစ် မဆင်းဖြစ် သတင်းတော့ တက်မလာသေးပါ။ သေချာတာကတော့ ကလေး-ဂန့်ဂေါ ကားလမ်းဟာ စကစတွေအတွက် လုံခြုံမှုမရှိတော့တာပါပဲ။

မြန်မာနိုင်ငံအနှံ့ ဗုံး ခွဲ မှု၊ မိုင်းဆွဲတိုက်ခိုက်မှု့၊ မြေပြင်ပစ်ခတ်မှုများကြောင့် ၂ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီကို ထောက်ခံအားပေးသော ဒလန်များ စုစုပေါင်း ၁၅ဝ ဝန်းကျင် သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်းမ်သတင်းဌာနမှ ဖော်ပြထားသာ စာရင်းများအရ သိရသည်။

အောက်တိုဘာ ၁ ရက်နေ့ တနေ့တည်းတွင် ကလေး၊ မတ္တရာ၊ ယောနယ်၊ ရေစကြို၊ ကသာ၊ ကချင်၊ ကော့ကရိတ်၊ ပုလဲ၊ ကျွန်းလှ၊ ရန်ကုန် စသဖြင့် အနယ်နယ်အရပ်ရပ်တွင် မိုင်းဆွဲမှု၊ ဗုံးပစ်တိုက်ခိုက်မှုနှင့် မြေပြင်ပစ်ခတ်မှုများကြောင့် အာဏာသိမ်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်အပါအဝင် စစ်သား ၈၀ ကျော် သေဆုံးခဲ့သည်ဟု မြေပြင်စာရင်းများအရ သိရသည်။

အောက်တိုဘာ ၂ ရက်နေ့ တနေ့ထဲတွင် မြန်မာနိုင်ငံအနှံ့ အာဏာသိမ်း စစ်ကောင်စီ၏ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သတင်းပေး ဒလန်များဖြစ်သော စစ်ကောင်စီခန့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ စုစုပေါင်း ၅၀ ထက်မနည်း သေဆုံးခဲ့သည်ဟု မြေပြင်စာရင်းများအရ သိရသည်။

“ကျနော်တို့ အောင်ပွဲက အခုမှ အစပြုနေတာပါ။ ကျနော်တို့လူတွေလည်း ကျဆုံးတာတွေ ရှိပါတယ်။ စစ်တပ်က လူမဆန်စွာ သတ်လိုက်တာ အများစုက PDF တွေနဲ့ မဆိုင်တဲ့ ဒေသခံပြည်သူတွေက များပါတယ်။ ဒါပေမယ့် ပြည်သူတရပ်လုံးက ဒီလိုဖြစ်ပျက်နေပေမယ့် ကျနော်တို့အပေါ် ထောက်ခံမှု လုံးဝမလျော့ကျခဲ့ပါဘူး” ဟု KNDF အဖွဲ့ဝင်တဦးက ဆိုသည်။

ဒါ့အပြင် ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ၁၀၀ ဝန်းကျင်သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဒါဟာ နှစ်ပေါင်းများစွာ တိုက်ခိုက်ရေးကိုသာ လေ့ကျင့်သင်ကြားလာတဲ့ စစ်အုပ်စုလက်အောက်ခံတပ်တွေကို လပိုင်းကာလလောက်သာ လက်နက်နဲ့ ထိတွေ့ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိနာအောင် တိုက်နိုင်တယ်ဆိုတာကို ဖော်ပြနေပြီး စစ်အုပ်စု ဘက်မှာ တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းလာတယ်ဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

Ref: Nyein Aye Eain

crd