News

ရန်ကုန်နှင့် မန္တလေးတွင် တိုက်ခိုက်မှု ပိုများလာကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံ

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က စက်တင်ဘာလ ၇ ရက်နေ့တွင် D – Day ကြေညာပြီးနောက် ရန်ကုန်နှင့် မန္တလေးတို့တွင် ယခင်ကထက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များ ပိုများလာကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ဗိုလ်ချုပ် ဇော်မင်းထွန်းD – Day ကြေညာမှု မတိုင်ခင်က ရန်ကုန်နှင့် မန္တလေးတို့တွင် တိုက်ခိုက်မှု မရှိသည့် နေ့များ ရှိသလို တိုက်ခိုက်မှု အများဆုံးနေ့မှာ ၃ နေရာထက် မပိုကြောင်း၊ D – Day ကြေညာပြီးနောက် မနေ့က ရန်ကုန်တိုင်းတွင် တိုက်ခိုက်မှု ဖြစ်စဉ် ၅ ခု၊ မန္တလေးတိုင်းတွင် တိုက်ခိုက်မှု ဖြစ်စဉ် ၅ ခုထက်မနည်း တိုးလာကြောင်း စစ်ကောင်စီဘက်က ပြောသည်။

   

“ရန်ကုန်တိုင်းဆိုရင် အရင်က ဘာဖြစ်စဉ်မှာ မရှိတဲ့နေ့တွေ ရှိတယ်။ တခါတလေ ၂ နေရာ ၃ နေရာလောက် ဖြစ်တယ်။ မနေ့ကတော့ ရန်ကုန်တိုင်းထဲမှာ ၅ နေရာ ဖြစ်တယ်။ မန္တလေးမှာလည်း အဲလိုပဲ။ မနေ့က ၅ ကြိမ်ကျော်ကျော် ဖြစ်တယ်။ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွေ ပိုများလာတယ်“ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း
သို့သော် စစ်တပ်က ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် မတ်လ၊ ဧပြီလတို့တွင် တနိုင်ငံလုံး၌ တရက်လျှင် တိုက်ခိုက်မှုဖြစ်စဉ် ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း၊ သြဂုတ်လမှစတင်ကာ တိုက်ခိုက်မှုဖြစ်စဉ်များ ပြန်ကျသွားခဲ့ကြောင်း သိရသည်။

   

ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့သော မြို့နယ်များမှာ ဒလ၊ မရမ်ကုန်း၊ သဃန်းကျွန်း၊ မြောက်ဥက္ကလာမြို့နယ်တို့တွင် ဖြစ်ပြီး အများစုမှာ လက်လုပ်မိုင်းဖြင့် အပစ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

   

“သဃန်းကျွန်းမှာတော့ မြို့နယ်လျှပ်စစ်ရုံးလမ်းထောင့်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တာ ရှိတယ်။ အဲဒီမှာ လျှပ်စစ်ဝန်ထမ်းတယောက် ပေါင်မှာ ဒဏ်ရာ ရတယ်။ မြောက်ဥက္ကလာ ဂရုဏာ လမ်းပေါ်မှာ လက်လုပ်မိုင်းတလုံး ပစ်ပြီး ထွက်ပြေးတယ်။ လိုက်ဖမ်းတော့ နှစ်ယောက်မိတယ်“ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း
NUG ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ ယမန်နေ့ (စက်တင်ဘာလ ၇)ရက်နေ့က တနသာင်္ရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲပေါင်း ၇ ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

   

ထို့ပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် နေရာအနှံ့ပေါက်ကွဲမှု ၉ ခု ရှိခဲ့ကြောင်းလည်း ဆက်လက် ဖော်ပြထား သည်။

Ref: The Irrawaddy

crd