Articles

တောင်ကိုရီးယားနိုင်ငံက မြန်မာပြည်သူများကို အမေရိကန်ဒေါ်လာ (၁.၃) သန်းလှူဒါန်းမည်ဟုကြေညာ

ကိုရီးယားသမ္မတနိုင်ငံကမြန်မာနိုင်ငံရှိလူသားချင်းစာနာမှုအထောက်အပံ့လုပ်ငန်းများအတွက်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ(UNHCR)နှင့်ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို့မှတစ်ဆင့်အမေရိကန်ဒေါ်လာ(၁.၃)သန်းလှူဒါန်းမည်ဟုUNHCRကယနေ့တွင်ပြောသည်။

ကိုရီးယားသမ္မတနိုင်ငံ၏လှူဒါန်းမှုကို၂၀၂၁ခုနှစ်တစ်လျှောက် မြန်မာနိုင်ငံအတွင်းအကူအညီအထူးလိုအပ်လျက်ရှိသည့်နေရာဒေသများ၌UNHCRနှင့်WFPတို့ဆောင်ရွက်ကြမည့်အထောက်အပံ့လုပ်ငန်းများကိုပံ့ပိုးပေးမည်ဟုUNHCRကဆိုသည်။

UNHCRက”ရခိုင်ပြည်နယ်မှပဋိပက္ခများကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရသူများမိုးရာသီကာလအတွင်းရင်ဆိုင်ကြုံတွေ့ရနိုင်သည့်အခြေအနေများမှကာကွယ်ပေးနိုင်ရန်အတွက်နေအိမ်အမိုးအကာများအားပြုပြင်ခြင်း၊ထိန်းသိမ်းခြင်းနှင့်ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကိုဆောင်ရွက်မည်ဖြစ်ပါသည်။

စစ်တွေမြို့ရှိစခန်းပေါင်း၂၁ခုမှနေရပ်စွန့်ခွာပြည်သူများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့်ခေါင်းဆောင်မှုဆိုင်ရာသင်တန်းများကိုလည်းရရှိမည်ဖြစ်ပြီး၊ယင်းတို့၏လူမှုအသိုက်အ၀န်းများအားကိုယ်စားပြုနိုင်ရန်အတွက်စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊အရင်းအမြစ်များကိုစုဆောင်းခြင်းနှင့်ရပ်ရွာဦးဆောင်သောလှုပ်ရှားမှုများအားပံ့ပိုးကူညီ ပေးခြင်းတို့ကိုလည်းလုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

နေအိမ်အမိုးအကာနှင့်ရပ်ရွာလူထု၏ခံနိုင်ရည်ရှိမှုအတွက် ဆောင်ရွက်ပေးသည့်လုပ်ငန်းများမှတဆင့်ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာပြည်သူပေါင်း၁၂၄,၀၀၀အတွက်အကျိုးကျေးဇူးရရှိစေမည်ဟုမျှော်လင့်ပါသည်။ထပ်လောင်းပြောဆိုရပါလျှင်ထိုရန်ပုံငွေသည် မြန်မာနိုင်ငံတစ်၀ှန်းလုံးရှိထိခိုက်ခံစားနေရသည့်ပြည်သူများအတွက် UNHCRမှအသက်ကယ်အကူအညီများနှင့်အရေးပေါ်အကူအညီများပိုမိုပေးအပ်နိုင်ရန်အားထုတ်လုပ်ဆောင်မှုအတွက်အထောက်အကူပြုပါလိမ့်မည်။

ကိုရီးယားသမ္မတနိုင်ငံ၏လှူဒါန်းမှုဖြင့်WFPသည်ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးရှိအနွမ်းပါးဆုံးနှင့်ထိခိုက်အလွယ်ဆုံးသောမြို့နယ်များတွင်မြင့်တက်လာနေသည့်အငတ်‌ဘေးကိုဖြေရှင်းရန် အရေးပေါ်စားနပ်ရိက္ခာအထောက်အပံ့များကိုပေးအပ်သွားမည်ဖြစ်ပါသည်။

WFPသည်မြို့ပြနှင့်မြို့စွန်ဒေသများရှိလူဦးရေ(၂)သန်းကျော်ကိုကူညီလျက်ရှိသည့်၎င်း၏မြို့ပြအထောက်အပံ့စီမံကိန်းကိုအရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။နေထိုင်မှုအတည်တကျမရှိသေးသည့် အခြေချသူများရှိပြီး၊နဂိုကပင်ထိခိုက်လွယ်သည့်အခြေအနေရှိသည့် မြို့နယ်များကိုဦးစားပေး၍ကူညီထောက်ပံ့လျက်ရှိပါသည်။

ထို့အပြင်ကိုရီးယားသမ္မတနိုင်ငံ၏ရက်ရောသည့်လှူဒါန်းမှုဖြင့် WFPသည်ရခိုင်ပြည်နယ်ရှိစားနပ်ရိက္ခာအခက်အခဲဖြစ်နေသည့် တိုက်ပွဲကြောင့်နေရပ်စွန့်ခွာခဲ့ရသည့်ထိခိုက်လွယ်သူများနှင့်ရိုဟင်ဂျာလူမှုအသိုက်အဝန်းများအပါအဝင်လူဦးရေ၃၅,၀၀၀ကျော်အားကူညီထောက်ပံ့ပေးမည်လည်းဖြစ်ပါသည်။

ဤလှူဒါန်းမှုသည်ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့်မြောက်ပိုင်းရှိ လူဦးရေ၃၂၀,၀၀၀အတွက်WFPကလစဉ်‌ပေးအပ်နေသည့် အသက်ကယ်ဆယ်ရေးစားနပ်ရိက္ခာသို့မဟုတ်ငွေသားအထောက်အပံ့များကိုထပ်မံအားဖြည့်ပေးမည်ဖြစ်ပါသည်”ဟုရှင်းပြထားသည်။

Credit… M. M. H