News

ကိုလျှံဖြိုးအောင်ကို မကွေးဒေါင်းနေ အကျဥ်းထောင်သို့ ပို့ဆောင်

ကိုလျှံဖြိုးအောင်ကို မကွေးဒေါင်းနေ အကျဥ်းထောင်သို့ ပို့ဆောင်
၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်။

၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ မကွေးမြို့ ဆန္ဒပြပွဲမှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးမှုကြောင့် လက်တစ်ဖက်ပြတ်ခဲ့ရပြီး ဒါဏ်ရာအများအပြားခဲ့ရသောကြောင့် မကွေးမြို့ကုတင် ၁၀၀ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေသော

 

အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ကို ယမန်နေ့ (ဇွန် ၇) ညနေပိုင်းက မကွေးဒေါင်းနေအကျဉ်းထောင်သို့ ပို့ဆောင်ချုပ်နှောင်လိုက်ကြောင်း ၎င်း၏ အကိုရင်းဖြစ်သူမှ လူမှုကွန်ရက် စာမျက်နှာမှာ ပြောကြားလိုက်ပါသည်။

 

ကိုလျှံဖြိုးအောင်၏ လက်ရှိ ကျန်းမာရေးအခြေအနေသည် မိမွေးတိုင်း၊ ဖမွေးတိုင်းကဲ့သို အကောင်းပကတိ မဟုတ်တော့ပဲ မျက်နှာသစ်ခြင်း၊ ထမင်းစားခြင်းမှအစ အပေါ့၊ အလေး သွားခြင်းမှအဆုံး မိသားစု၏အကူအညီဖြင့်သာ ရပ်တည်နေရသော ကိုယ်လက်အင်္ဂါမပြည့်စုံသူ ဖြစ်ပါသည်ဟု ၎င်း၏ အကိုဖြစ်သူက ဆိုသည်။

 

ထို့အတွက်ကြောင့် ၎င်း၏ညီလေး ကိုလျှံဖြိုးအောင်ကို စွဲဆိုထားသော အမှု့ (၅၀၅ က)မှ အမြန်ဆုံးလွတ်မြောက်စေရန်အတွက်ဝိုင်းဝန်ကူညီပေးကြပါရန်မေတ္တာရပ်ခံထားသလို ကိုလျှံဖြိုးအောင်ကို ကုသပေးခဲ့သော ဆရာဝန်များနှင့် ဝိုင်ဝန်းကူညီသော မိဘပြည်သူများနှင် သူငယ်ချင်းများအား ကျေးဇူးတင်ရှိကြောင်းပါ ပြောကြားပါသည်။

 

”ညီလေးကို မနေ့ညနေက ဆေးရုံဆင်းခွင့်ရတော့ ဆေးရုံကို ရဲတွေလာခေါ်သွားတာ။ သူရထားတဲ့ဒဏ်ရာတွေက ဆေးကုသမှုလိုအပ်နေဦးမှာ။ ရာဘာကျည်မှန်ထားတဲ့ ဘယ်ဘက် ခြေထောက်ကလည်း ဆေးကုသကုသဖို့လိုသလို ညာဘက်မျက်လုံးကလည်း

 

မျက်ကြည်လွှာအစားထိုးဖို့ အရေးပေါ်လိုအပ်နေတယ်။ ပြင်းထန်ဒဏ်ရာရထားပြီး ဆက်လက် ဆေးကုသဖို့ လိုအပ်နေ သေးတဲ့သူကို ဖမ်းချုပ်ထားတော့ လွတ်လွတ်လပ်လပ် ဆေးကုလို့မရ တော့ဘူး” ဟုလည်း ကိုလျှံဖြိုးအောင် ရဲ့အစ်ကိုဖြစ်သူက ဒီဗွီဘီကို ပြောပါသည်။

 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် သက်ငယ်မုဒိန်းမှုဖြင့် အမှုရင်ဆိုင်ရမည့်သူမျိုးကိုပင် လွှတ်ပေးခဲ့ပြီး ၎င်းတို့ အကြမ်းဖက်မှုကြောင့် ကိုယ်လက်အင်္ဂါမပြည့်စုံဖြစ်ကာ ဆေးကုသမှုခံယူဖို့လိုအပ်နေသည့် ကိုလျှံဖြိုးအောင်အား ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သောကြောင့် ၅၀၅ က ဖြင့် တရားစွဲရန် ထောင်သွင်းအကျဥ်းချသော လုပ်ရပ်သည် လူမဆန်သောလုပ်ရပ်ဖြစ်သည်ဟု ပြည်သူအများက ဝေဖန်ပြောဆိုနေပါသည်။

source – Hlyan Phyo Aung ၊ DVB