Celebrity News News

ထိုင်းမှာ အဖမ်းခံရတဲ့ မြန်မာ (၄၀) ကျော်မှာ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရတဲ့ မော်ဒယ် သက်ထားစုစံ ပါဝင်…

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ့်ကျန်းမြို့ အဝေးပြေး လမ်းပေါ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၄၂) ဦး ဖမ်းဆီးခံရကြောင်း သတင်းရပါတယ် ။ အဖမ်းခံရသူများထဲမှာ မြန်မာနိုင်ငံမှာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရတဲ့ သရုပ်ဆောင် မော်ဒယ် သက်ထားစုစံ ပါဝင်တယ်လို့ ဆိုပါတယ် ။

 

 

 

မယ့်ကျန်းမြို့ အဝေးပြေးလမ်းမပေါ်မှာ မေလ (၂၂) ရက်နေ့ နေ့လယ် (၁၂) နာရီခွဲခန့်က မသင်္ကာဖွယ် အံစာတုံး အမျိုးအစား ကား (၃) စီးနောက်သို့ ထိုင်းရဲတပ်ဖွဲ့က လိုက်လံတားဆီး စစ်ဆေးရာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား (၁၇) ဦး၊ အမျိုးသမီး (၂၅) ဦး၊ စုစုပေါင်း (၄၂) ဦးကို ယာဉ်မောင်းများနဲ့အတူ ဖမ်းမိခဲ့ခြင်း ဖြစ်တယ်လို့ သိရပြီး ၎င်းတို့အထဲမှာ သရုပ်ဆောင် မော်ဒယ် သက်ထားစုစံ ပါဝင်ကြောင်းလည်း တာဝန်ရှိသူများဆီက သိရပါတယ် ။

 

 

ထိုင်းနိုင်ငံတွင်းကို အထောက်အထားမဲ့ မြန်မာနိုင်ငံသားများဟာ တာချီလိတ်မြို့မှတဆင့် သဘာဝလမ်းကြောင်း ကနေ တစ်သုတ်စီ နေ့စဉ်နည်းနည်းစီ ပွဲစားကို (၁) ဦးလျှင် ထိုင်း ဘတ်ငွေ (၁) သောင်း နှုန်းပေးပြီး ခိုးဝင်ကာ ဖယောင်မြို့နဲ့ ချင်းရိုင် မြို့ရှိ လုပ်ငန်းခွင်များသို့ ပို့ဆောင်ပေးဖို့ ဖြစ်ကြောင်း၊ ပို့ဆောင်ခ ယာဉ် (၁) စီးလျှင် ဘတ် (၅၀၀၀) ကောက်ခံကြောင်း အခုလို ပို့ဆောင်ပေးရတာဟာ ဒုတိယအကြိမ် ဖြစ်ကြောင်း ယာဉ်မောင်းများက ထွက်ဆိုခဲ့တယ်လို့လည်း ဆိုပါတယ် ။

 

 

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား (၄၂) ဦးထဲမှာ ဧပြီလ (၂၄) ရက်နေ့က ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဝရမ်း ထုတ်ပြန်ကြေညာ ခံထား ရတဲ့ သရုပ်ဆောင်မော်ဒယ် သက်ထားစုစံ ပါဝင်ကြောင်း သိရပြီး ဇွန်လ (၁) ရက်နေ့မှာ ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံ တာချီလိတ်ကို နေရပ်ပြန်မယ့် (၁၅၀) ထဲမှာ ပြန်လည် လွှဲပြောင်းပေးဖို့ အစီအစဉ်မှာ ပါဝင်နိုင်ကြောင်းလည်း ကြားသိရပါတယ် ။

 

 

လက်ရှိမှာ သရုပ်ဆောင်မော်ဒယ် သက်ထားစုစံကို ချင်းရိုင်ခရိုင် မယ့်ကျန်းမြို့မှာ ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံကို လွှဲပြောင်းပေးခြင်း မပြုဖို့ ထိုင်းအာဏာပိုင်များထံ ကုလသမဂ္ဂ (UN) က ချိတ်ဆက်ကာ ကူညီမှုများ ပေးသွားဖို့ရှိတယ်လို့ ထိုင်း သတင်းထောက်များထံမှ သိရှိရပါသည် ။

Credit: Si Thu Min FB Acc.